ပုလဲသာမဏေကျော်အသင်းကြီးသည် ဗုဒ္ဓသာသနာတော်မြတ်ကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲ၍ အစဉ်အဆက် မပြတ်မလပ် ထွန်းလင်းတောက်ပစေရန်နှင့် ပရိယတ္တိသာသနာတော်၏ အနှစ်သာရကို ထိန်းသိမ်းစောင့်ရှောက်ကာ စာပေကျမ်းဂန်ပညာရပ်များ ပိုမိုတိုးတက် ထွန်းကားပြန့်ပွားလာစေရန် ရည်သန်ချက်ကြီးမားစွာဖြင့် ဖွဲ့စည်းတည်ထောင်ထားသော သာသနာပြုအသင်းကြီးတစ်ရပ် ဖြစ်ပါသည်။ ဤအသင်းကြီးကို မဟာမင်းထင်၊ ပုလဲသာမဏေကျော်စာသင်တိုက်၏ ဦးစီး ဦးဆောင်နာယကဆရာတော် ဘဒ္ဒန္တပညာသိရီလင်္ကာရ အရှင်သူမြတ်၏ ဦးဆောာင်လမ်းညွှန်မှု၊ သာသနာနုဂ္ဂဟပြုလိုသော စေတနာရှင် ဒါယကာ၊ ဒါယိကာမများ၏ အားပေးကူညီပံ့ပိုးမှု၊ ဆရာတော်သံဃာတော်များ၏ ကြီးမားသောစေတနာ၊ ဝီရိယနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် စနစ်တကျ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် သာသနာ့အာဇာနည်လောင်းလျာ သာမဏေငယ်လေးများအား ငယ်စဉ်ကပင် ပရိယတ္တိစာပေကျမ်းဂန်များကို အခြေခံမှစ၍ အဆင့်ဆင့် စနစ်တကျ သင်ယူလေ့လာနိုင်စေရန်၊ ပညာအခြေခံခိုင်မာ၍ သီလ၊ သမာဓိ၊ ပညာဟူသော အကျင့်သုံးပါးနှင့် ပြည့်စုံလာစေရန် အလေးအနက်ထား ပြုစုပျိုးထောင်ပေး လျက်ရှိပါသည်။ သာမဏေငယ်များ၏ စာပေပညာမြင့်မားမှု၊ အကျင့်စာရိတ္တကောင်းမွန်မှု၊ သာသနာအပေါ် ယုံကြည်သက်ဝင်မှုနှင့် တာဝန်သိစိတ်ဓာတ်တို့ကို တစ်ပြိုင်နက်တည်း ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ပညာရေး၊ စာရိတ္တရေးနှင့် သာသနာရေးကဏ္ဍများကို အပြန်လှန်ပေါင်းစပ်၍ စနစ်တကျ ပံ့ပိုးမြင့်တင်ပေးလျက်ရှိပါသည်။ ထိုသို့ ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် ယနေ့ခေတ်သာမဏေငယ်များသည် မိမိတို့၏ ပရိယတ္တိပညာကို အခြေခံ၍ သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်မည့် အရည်အချင်းပြည့်ဝသော သာသနာပြုအာဇာနည်များ၊ ပညာရှင်ရဟန်းတော်များနှင့် သာသနာ့အကျိုးပြု အမွေအနှစ်ကောင်းများ အဖြစ် ပေါ်ထွန်းလာစေရန် ရည်မှန်းချက်ထား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော အသင်းကြီးတစ်ရပ်ဖြစ်ပါသည်။ "ပရိယတ္တိခိုင်မှ ပဋိပတ္တိတည်မည်၊ ပဋိပတ္တိတည်မှ သာသနာတော် အဓွန့်ရှည်တည်တံ့မည်" ဟူသော ခံယူချက်ဖြင့် သာသနာတော်အရှည်တည့်တံ့ရေးအတွက် မျိုးဆက်သစ် သာမဏေငယ်များကို စနစ်တကျ ပျိုးထောင်ပေးလျက်ရှိပါသည်။
အသင်း၏ အဓိက လုပ်ငန်းစဉ်မှာ နှစ်စဉ် သာမဏေကျော် စာမေးပွဲကြီးများကို စနစ်တကျ ကျင်းပပေးခြင်းဖြစ်ပြီး၊ နယ်ပယ်အသီးသီးမှ ကြွရောက်ဖြေဆိုကြသည့် ရဟန်း၊ သာမဏေများအား ပစ္စည်းလေးပါး အထောက်အပံ့များ ဆက်ကပ်လှူဒါန်းခြင်း၊ စာမေးပွဲအောင်မြင်သည့် ရဟန်း၊ သာမဏေများအား အောင်လက်မှတ်နှင့် ပညာသင်ဆု၊ လှူဖွယ်ဝတ္ထုများ ထောက်ပံ့ပေးခြင်းတို့ကို စေတနာရှင် ပြည်သူများ၏ လှူဒါန်းမှုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
ပရိယတ္တိစာပေများကို သာမဏေငယ်များ စနစ်တကျ လေ့လာလိုက်စားနိုင်ရန် ပိဋကတ်စာအုပ်စာပေများနှင့် သင်ထောက်ကူများ ကူညီထောက်ပံ့ပေးခြင်း။
နှစ်စဉ် သာမဏေကျော် စာမေးပွဲများကို တန်းစဉ်အလိုက် စနစ်တကျ ကျင်းပ၍ ပညာရည်စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ပေးခြင်း။
သာသနာ့အနွယ်ဝင် ရဟန်း၊ သာမဏေများ စာပေသင်ကြားရာတွင် အခက်အခဲမရှိစေရန် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး ထောက်ပံ့ပေးခြင်း။
မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း အဆင့်အလိုက် သာမဏေကျော် စာမေးပွဲများကို ပုံမှန် စနစ်တကျ ကျင်းပပေးခြင်း။
စာမေးပွဲ အောင်မြင်တော်မူကြသော သာမဏေများအား အောင်လက်မှတ်၊ လှူဖွယ်ဝတ္ထုနှင့် ပညာသင်ဆုငွေများကို ထိုက်တန်စွာ အခမ်းအနားဖြင့် ဆက်ကပ်ခြင်း။
စာမေးပွဲကာလအတွင်း ကြွရောက်တော်မူကြသော ကြီးကြပ် ဆရာတော်များနှင့် စာဖြေ ရဟန်း၊ သာမဏေများအား ဆွမ်းစသော ပစ္စည်းလေးပါး ထောက်ပံ့ခြင်း။
သာသနာတော် တိုးတက်ရေးအတွက် ပါဝင်လှူဒါန်းလိုသည့် အလှူရှင်များနှင့် ဆရာတော်များအကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးခြင်း။
ပုလဲသာမဏေကျော်အသင်း၏ သာသနာပြုလုပ်ငန်းများတွင် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ပစ္စည်းလေးပါး ပါဝင်လှူဒါန်းနိုင်ပါသည်။